လာဗရာဒါး သဘာဝဥယျာဉ်
စင်္ကာပူနိုင်ငံတွင် ဒုတိယကမ္ဘာစစ် သမိုင်းဝင် အဓိက နေရာ နှစ် ခု သာ ကျန်ရှိလေသည်။ ထိုနေရာ နှစ် ခု အနက် ခရီးသွားများ၊ အုပ်စုလိုက် ပျော်ပွဲစား ထွက်သူများ အနှစ်သက်ဆုံး နေရာမှာ Labrador Nature Reserve ပင် ဖြစ်သည်။
ပုံ-၁ Labrador Nature Reserve လမ်းညွန်မြေပုံ
ပုံ-၂ Labrador Nature Reserve သို့ သွားရန်မြေပုံ
Labrador သည် ဒုတိယ ကမ္ဘာစစ်အတွင်း၌ ဂျပန်တို့ စင်္ကာပူဆိပ်ကမ်းကို တိုက်ခိုက်လာလျှင် ခုခံကာကွယ်ရန် ဆောက်လုပ်ထားသော ဗြိတိသျှခံတပ်ဟောင်း တခု ပင်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် မြေအောက်ဥမင်လှိုဏ်ခေါင်းများ၊ လက်နက်တိုက်များ၊စစ်အမြှောက်ဟောင်းများ ကို ယခုတိုင် သမိုင်းမှတ်တမ်းတခု အနေဖြင့် ကျန်ရစ်နေသေးပေသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှ ကိုလိုနီနိုင်ငံများ၊ စစ်အကြွင်းအကျန်များကို သုတေသန ပြုလုပ်နေသူများ၊ သမိုင်းမှတ်တမ်းများကို စိတ်ဝင်စားသူများအတွက် အဓိက ဆွဲဆောင်မှုများပင် ဖြစ်ပေသည်။ မြေအောက်ဥမင်လှိုဏ်ခေါင်းအတွင်း သို့လည်း သက်ဆိုင်ရာက စီစဉ်ပေးသည့်အတိုင်း တစ်ခါလှည့် ၈ ဒေါ်လာ နှုန်းဖြင့် လှည့်လည် ကြည့်ရှုနိုင်ပေသေးသည်။
အလ်ဘမ်-၁ စစ်သမိုင်းမှတ်တမ်း အကြွင်းအကျန်များ
ထို့အပြင် ခေတ်မီတိုးတက်သော မိုးပျံအဆောက်အဦးများဖြင့် ပြည့်နှက်နေသော စင်္ကာပူနိုင်ငံအတွက် သဘာဝ အံ့ဖွယ် တခု၊ သစ်တောထူထပ်သော ဆိတ်ငြိမ်နေရာလေး လည်း ဖြစ်ပေးသည်။ မွန်းကျပ်သော မြို့ပြဘ၀မှ ခေတ္တ ကင်းလွတ်၍ သဘာဝတရား၏ ရင်ခွင်၌ စိတ်အေးလက်အေး အနားယူလိုသူများအတွက် သင့်တော်သော နေရာလေး ဖြစ်ပေသည်။ သစ်တောလျှောက် ဖြတ်လမ်းများကို အဖြတ်တွင် သင် ကံကောင်းပါက သပိတ်လွယ်ငှက်၊သစ်တောက်ငှက် တို့၏ တွန်သံများကို လည်းကောင်း၊ ရှဉ့်ကလေးများ အစာဝှက်နေကြခြင်းကိုလည်းကောင်း၊ လှပသော လိပ်ပြာမျိုးနွယ်များကိုလည်းကောင်း ကြားမြင်ခံစားနိုင်ပေသေးသည်။
အလ်ဘမ်-၂ သစ်တောသစ်ပင်များ
ထိုထက်ပို၍ သွားရောက်လည်ပတ်သင့်သော အချက်မှာ ခန့်ညားထည်ဝါသည့် ရှုမညီးဖွယ် ပင်လယ်ကမ်းခြေအလှ ကိုလည်း ရှုစားနိုင်ကြဦးမည် ဖြစ်သည်။ လှပသော ပင်လယ်ကူးသင်္ဘောများကို နောက်ခံထား၍ ကျောက်ဆောင်ထူထပ်သော ကမ်းခြေတလျှောက် ပျော်ပွဲစားသူများ၊ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်သူများ၊ ငါးဖမ်းသူများ စသဖြင့် လူ့စရိုက်၊ သဘာဝတို့ကိုလည်း လေ့လာနိုင်ပေသည်။ စင်္ကာပူနိုင်ငံတွင် မြင်ရခဲသော ပင်လယ်ကျောက်ကမ်းပါး များကို လည်း တွေ့နိုင်သော နေရာဖြစ်သည်။ ပင်လယ်ထဲသို့ ထိုးဝင် တည်ဆောက်ထားသော Jetty တံတား အလှကိုလည်း ရှုစားနိုင်ပေသည်။ Habour Front မှ ထွက်ခွာသော၊ အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကမ်းခြေသို့ နာရီဝက် ၁ ကြိမ်ခန့် ခုတ်မောင်းသော စက်လှေများကိုလည်း ဆန်တိုစာ ကျွန်း နောက်ခံထား၍ ရှုမြင်နိုင်ပေသည်။
အလ်ဘမ်-၃ ကမ်းခြေ နှင့် ကျောက်ကမ်းပါးများ
Picnic ပျော်ပွဲစားထွက်လိုသူများအတွက်လည်း အသားကင်ဖိုများ၊ ထိုင်ခုံများ တည်ရှိသကဲ့သို့ နေရာထိုင်ခင်းလည်း ကျယ်ပြောလှပေသည်။ မိသားစုလိုက်၊ သူငယ်ချင်းအစုလိုက် အားလပ်ရက် ပျော်ပွဲစားလိုသူများအတွက်သင့်လျော်လှသော နေရာဖြစ်သည်။ Singapore East Coast Park, Changi Beach တို့ ရှိ အသားကင်ဖို နေရာများနှင့် မတူသည်မှာ သောက်ရေ၊ သုံးရေ နီးကပ်စွာ ရနိုင်မှု၊ အိမ်သာ အလှမ်းမဝေးမှုတို့ ကြောင့် ပျော်ပွဲစားသူတို့အတွက် ပိုမို အဆင်ပြေစေမှု ပင် ဖြစ်သည်။
ဒုက္ခမခံလိုသူများအဖို့ တောင်ပေါ် စားသောက်ဆိုင် တဆိုင်လည်း ဖွင့်လှစ်ပေးထားသည်။
ထို့ကြောင့် အနှစ်ချူပ်ရလျှင် Labrador Nature Reserve သည်
- သမိုင်းစိတ်ဝင်စားသော သင့် အဘိုး အတွက် စစ်အကြွင်းအကျန်များကို လေ့လာနိုင်သော နေရာ၊
- သစ်တော သစ်ပင်၊ကျေးငှက်၊သဘာဝ စိတ်ဝင်စားသော သင့်အဖေ အတွက် တောလည် ထွက်နိုင်သော နေရာ၊
- စကိတ်စီး ၊စက်ဘီးစီး၊ လေ့ကျင်ခန်း လုပ်ချင်သော သင့် သား၊သမီး နှင့် သင့်အတွက် ရှည်လျားသော ကမ်းခြေ၊
- မိသားစု၊သူငယ်ချင်း ရင်းနှီးချစ်ကြည်မှု ထပ်လောင်း တိုးတက်စေနိုင်သော အသားကင်စုစားခြင်း၊ပျော်ပွဲစားခြင်းတို့ ပြုလုပ်ရန် အသင့်တော်ဆုံးနေရာနှင့်
- ပင်လယ်ရှုခင်းများ နှစ်သက်၍ ငါးမျှားခြင်း၊ သင်္ဘောကြည့်ခြင်းများ လည်းပြုလုပ်နိုင်သော နေရာ
- ဖြစ်ပေသည်။
ထို့ကြောင့် ၀ါသနာ မတူသော လူအားလုံး မိမိနှစ်သက်ရာ လုပ်နိုင်ပြီး မောပန်းလျှင် အတူတူ အသားကင်စား နားနေနိုင်သော နေရာလေး ပင် ဖြစ်တော့သည်။ အားလုံးအတွက် သင့်လျော်သော ဤ နေရာလေးအား အချိန်ရလျှင် သွားရောက်လည်ပတ်သင့်လှပေသည်။
© ကောင်းတမန်